Reading:
ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်မယ့် နည်းလမ်း (၅) သွယ်

Image

ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်မယ့် နည်းလမ်း (၅) သွယ်

by Yi Ting
မေ 13, 2020

အလုပ်ခွင်အတွင်း စိတ်ဖိစီးမှုဟာ ဝန်ထမ်းများအတွက် စိုးရိမ်ပူပန်စရာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်သလို HR ဌာနနှင့် စီမံခန့်ခွဲရေး ဌာနများအတွက်လည်း အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။  Harvard Business Review  မှ Francisca Gino ရဲ့ဖော်ပြချက်အရ စိတ်ဖိစီးမှုဟာ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေဖို့ တွန်းအားတစ်ခုဖြစ်သော်ငြားလည်း ဆိုးကျိုးကပိုပြီးများတတ်ပါတယ်။ စိတ်ဖိစီးမှုများရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အလုပ်ပျက်ကွက်ခြင်း၊ နာတာရှည်ရောဂါများဖြစ်ပွားခြင်းနှင့်  စိတ်ပင်ပန်းဆင်းရဲမှုများကို  ခံစားရခြင်း စတဲ့ ဆိုးကျိူးတွေ များစွာကြုံစေနိုင်ပြီး လုပ်ငန်းခွင်ရဲ့ အောင်မြင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။  American Institute of Stress ရဲ့စစ်တမ်းကောက်ယူ လေ့လာချက်များအရ  ၈၀ ရာခိုင်မှုန်းသော ဝန်ထမ်းများဟာ လုပ်ငန်းတွင်းစိတ်ဖိစီးမှုများ ခံစားရလေ့ရှိတာကို လက်ခံယုံကြည်ကြပြီး ၁၄ ရာခိုင်နှုန်းသော ဝန်ထမ်းများကတော့ ၎င်းတို့ရဲ့ လုပ်ငန်းတွင်း စိတ်ဖိစီးမှုဟာ အင်မတန်မှ ပြင်းထန်ကြောင်း၊ တခါတရံမှာ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဒေါသဖြစ်တဲ့အထိတောင် ပြင်းထန်ကြောင်း ဖော်ပြခဲ့ပါတယ်။

အထက်ပါဖော်ပြချက်များဟာ HR မန်နေဂျာများအတွက် အချက်ပေးခေါင်းလောင်း ဖြစ်တာကြောင့် ဝန်ထမ်းများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် အလုပ်နှင့်ဘ၀ သမမျှတစွာ ရှင်သန်နိုင်ရေးအတွက် အောက်ပါ နည်းလမ်း (၅) သွယ်ကို လုပ်ငန်းခွင်အတွင်း စတင်ကျင့်သုံးသင့်ပါတယ်။

၁။ ခလေးစောင့်ရှောက်ရေး အတွက် စီမံဖန်တီးပေးပါ။

 

ခလေးစောင့်ရှောက်ရေးအတွက် အခက်အခဲကြုံတွေ့ရခြင်းဟာ မိဘဖြစ်သူဝန်ထမ်းများအတွက် စိတ်ဖိစီးမှုနှင့် အလုပ်ပျက်ခြင်းတို့ကို ကြုံတွေ့ရစေပါတယ်။ ဒါကြောင့် မိဘဝန်ထမ်းများအတွက် ခလေးများစောင့်ရှောက်ရေးကို ကူညီပေးနိုင်တဲ့အစီအစဉ်တစ်ခုကတော့ ရုံးရဲ့ သတ်မှတ်နေရာတစ်ခုမှာ ခလေးစောင့်ရှောက်ရေး အခန်းတစ်ခုဖန်တီးပေးကာ အရည်အသွေးပြည့်၀ပြီး ယုံကြည်စိတ်ချရတဲ့ ခလေးထိန်းများကို ငှားရမ်းပေးခြင်းဘဲဖြစ်ပါတယ်။ Tracy Trautner (Michigan State University) ရဲ့ ပြောကြားချက်အရ ၇ရာခိုင်နှုန်းသော အလုပ်ရှင်များကသာလျှင် ခလေးစောင့်ရှောက်ရေးအစီအမံများကို လုပ်ငန်းတွင်း ဖန်တီးပေးပါတယ်။ ခလေးစောင့်ရှောက်ရေး အစီအစဉ်များကို လုပ်ငန်းတွင်း စီမံပေးခြင်းရဲ့ ရလဒ်များကတော့ ဝန်ထမ်းများ ရုံးတက်မှန်ခြင်း၊ အလုပ်ကို ပိုကြိုးစားခြင်း၊ ရုံးပျက်ကွက်ရက် နည်းပါးခြင်းနှင့် မိမိတို့ ရုံးအဖွဲ့အစည်းအပေါ် ပိုမိုယုံကြည်ကာ ဂုဏ်ယူတတ်စေခြင်း စတာတို့ဘဲ ဖြစ်ပါတယ်။

၂။ အပန်းဖြေခရီးများကို ခွင့်ပြုပေးခြင်း

 

အချို့သော မန်နေဂျာများရဲ့ လွဲမှားတဲ့ယူဆချက်ကတော့ အားလပ်ရက်များ၊ အပမ်းဖြေခရီးအတွက် ခွင့်ပေးခြင်းဟာ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ လျော့ပါးစေကာ အလုပ်ပြီးမြောက်မှုကို ထိခိုက်စေတယ်လို့ ယူဆထားပါတယ်။ ဝန်ထမ်းမျာအနေနဲ့လည်း အားလပ်ရက်အတွက် ခွင့်ယူခြင်းဟာ အလုပ်မကြိုးစားခြင်း၊ အလုပ်အပေါ်စိတ်မဝင်စားခြင်းလို့ ယူဆခံရမှာစိုးတာကြောင့် ခွင့်ယူရမှာကြောက်တတ်ကြပါတယ်။ HR ဌာနအနေနဲ့ အားလပ်ရက် ခွင့်ယူခြင်းရဲ့ အကျိုးကျေးဇူးများနှင့် ခရီးသွားခြင်းရဲ့ တန်ဖိုးများကို ဝန်ထမ်းများကြား မျှဝေပေးခြင်းဖြင့် ဝန်ထမ်းများအနေနဲ့ အားလပ်ရက်အတွက် ခွင့်ယူခြင်းအပေါ် ပိုပြီး သက်တောင့် သက်သာ ဖြစ်စေမှာပါ။ ဒါကြောင့် ခွင့်လုံး၀မယူရသေးသော၊ ခွင့်ယူရက်နည်းပါးသော ဝန်ထမ်းများကို ဦးစားပေးကာ ခွင့်ပေးသင့်ပါတယ်။ ကောင်းမွန်စွာ ကြိုတင်စီမံထားသော အားလပ်ရက်များကို ဖန်တီးခြင်းဟာ ဝန်ထမ်းများကို ပိုမိုပျော်ရွှင်စေသလို စိတ်ဖိစီးမှုကို လျော့ကျစပြီး အလုပ်ခွင်သို့ ပြန်လည်ဝင်တဲ့အခါမှာလည်း စွမ်းအင်များပိုမိုတိုးပွားပြီး အလုပ်ပိုမိုတွင်ကျယ်စေကြောင်း Harvard Business Review မှ ဖော်ပြပေးထားပါတယ်။

၃။ ရုံးတက်မှန်ခြင်းကို အားမပေးခြင်း

 

ရုံးတက်ပျက်ကွက်ခြင်းဟာ လုပ်ငန်းရဲ့ အောင်မြင်မှုကိုထိခိုက်စေနိုင်တယ်ဆိုသော်လည်း တခါတစ်ရံမှာ  ရုံးတက်မှန်သော်လည်း အလုပ်မတွင်ကျယ်တဲ့ အခိုက်အတန့်များ ဝန်ထမ်းတိုင်းမှာ ရှိတတ်ကြပါတယ်။ ဥပမာ။ ဖျားနေတဲ့ ကာလဆိုပါစို့။ ဝန်ထမ်းများဟာ မိမိတို့ ဖျားနာနေစဉ် ရုံးမတက်လိုသော်ငြားလည်း အလုပ်ရဲ့ ကျင့်ဝတ်အရဖြစ်စေ၊ ရုံးပျက်ရက် လစာဖြတ်တောက်မှာ စိုးရိမ်သောကြောင့်ဖြစ်စေ၊ မဖြစ်မနေရုံးတက်ရချိန်တွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်ငန်းဆောင်တာတွေကို အောင်မြင်စွာ ထိထိရောက်ရောက် လုပ်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါကြောင့် ကျန်းမာရေးအခြေအနေအရ ရုံးတက်ဖို့မလွယ်ကူတဲ့ ဝန်ထမ်းများအတွက် မန်နေဂျာများအနေနဲ့ တရားဝင်ခွင့်ပြုပေးပြီး ဝန်ထမ်းများ စိတ်ရော၊ ကိုယ်ပါ ကျန်းမာချမ်းသာစေဖို့ ကူညီစီမံပေးရပါမယ်။

၄။ ရုံးပြင်ပ အလုပ်လုပ်စေခြင်း (Remote work) ကိုအားပေးပါ။

လုပ်ငန်းအတော်များများမှာ လက်ခံကျင့်သုံးထားတဲ့ အလေ့အထကတော့ ရုံးတက်မှသာ အလုပ်ပြီး မြောက်မယ်လို့ယူဆထားကြပါတယ်။ လိုအပ်ပါက အိမ်မှာအလုပ်လုပ်စေခြင်းဟာလည်း အလုပ်များ အချိန်မှီပြီးစီးစေဖို့ နည်းလမ်း​ကောင်းတစ်ခုဖြစ်ပါတယ်။ Remote working ဟာ ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှု အတော်များများကို လျော့ချပေးနိုင်ပါတယ်။ Forces မှ Andrea Loubier ရဲ့ ပြောကြားချက်အရ 55% သော ဝန်ထမ်းများဟာ ၎င်းတို့ရဲ့ ရုံးတက် ရုံးဆင်း ပို့ဆောင်ရေး ကြောင့် စိတ်ဖိစီးမှုများကြုံရလေ့ရှိပြီး 80% သော Remote Workers များဟာ စိတ်ဖိစီးမှု နည်းပါးပြီး လုပ်ငန်းပြီးမြောက်မှုကို ပံ့ပိုးပေးကြောင်း တွေ့ရှိရပါတယ်။

 ၅။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း သင်တန်းများကို စီစဉ်ပေးပါ။

 

ဝန်ထမ်းများရဲ့ စိတ်ဖိစီးမှုများကို ဖြေလျော့ပေးနိုင်စေရေးအတွက် စိတ်ဖိစီးမှုကင်းစင်စေမယ့် အပြုအမူ၊ အလေ့အထများကို လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ ဝန်ထမ်းများအတွက် စိတ်ဖိစီးမှုကို စီမံခန့်ခွဲရေး အစီအစဉ်များဖြစ်တဲ့ နေ့စဉ် စိတ်ဖိစီးစေသော အရာများ စီမံတတ်စေရေးစသည်တို့ကို အသေးစိတ်သင်ကြားပေးခြင်းဟာ အကျိုးကျေးဇူးများလှပါတယ်။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲနိုင်ခြင်းဟာ လုပ်ငန်းခွင်အတွင်း အလုပ်ပြီးမြောက်အောင်မြင်ခြင်း၊ ရောင်းအားများပိုမိုတက်လာခြင်းနှင့် အလုပ်ပျက်ကွက်ခြင်းတို့ကို နည်းပါးစေပါတယ်။

Joe Robinson ၏ (Optimal Performance Strategies) မှာဖော်ပြထားချက်အရ စိတ်ဖိစီးမှုစီမံခန့်ခွဲမှုများဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် 6% ကိုတိုးတက်စေပြီး ရောင်းအားနှင့် ရုံးပုံမှန်တက်ခြင်း ရာခိုင်နှုန်း ၂၃% မှ ၂၄% အတွင်း တိုးတက်လာကြောင်း ဖော်ပြထားပါတယ်။ ဝန်ထမ်းများရဲ့ လုပ်ငန်းတွင်း စိတ်ဖိစီးမှုနှုန်းကျလေလေ လုပ်ငန်းစွမ်းဆောင်ရည်တိုးပွားလေဖြစ်တာကြောင့် လုပ်ငန်းရဲ့ အောင်မြင်မှုကိုပါ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးအကြီးမားဆုံးသော အရင်းအမြစ်

 

ဝန်ထမ်းများဟာ လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက် အရေးအပါဆုံးသော အရင်းအမြစ်များဖြစ်တာကြောင့် ဝန်ထမ်းများရဲ့ အခြေခံလိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ပြီး HR မန်နေဂျာများနှင့် Supervisors များမှ ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

Related Stories

Arrow-up